ဇီးကုန်း ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းမ၊ မြို့နယ်ခန်းမရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဧည့်သည်တော်များနှင့်အတူ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေစင်ပက်ဖျန်းပေးကာ အတာသင်္ကြန်အား ကြိုဆို၍ မြူမှောင်ဝေကင်းသီချင်းဖြင့် ယိမ်းအဖွဲ့များက စုပေါင်းကပြဖျော်ဖြေခဲ့ကြသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့ (၈) ဖွဲ့က နေ့စဥ်ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတများဖြင့်ဖျော်ဖြေခြင်း၊ ရေကစားလာသူများအား လှပျိုဖြူများက မြန်မာ့ရိုးရာသနပ်ခါးများလိမ်းပေးခြင်း၊ ရေကစားခြင်းနှင့် နေ့စဉ်စတုဒိသာကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)