ပေါက်ခေါင်းမြို့နယ်၌ သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်တွင် ရေပက်ကစားသူတို့ဖြင့်စည်ကား

ပေါက်ခေါင်း ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ လမ်းလျှောက်သင်္ကြန်၌ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ထို့နောက် သင်္ကြန်ယိမ်းအကအလှအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်္ကြန်ရေကစားလာရောက်ကြသည့် မြို့နေပြည်သူများဖြင့် စည်ကားလျက်ရှိရာ ရေကစားလည်ပတ်သူတို့အား အလှူရှင်တို့မှ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကာ သင်္ကြန်အကြိုနေ့ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)