မိုးညို ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဧည့်သည်တော်များနှင့်အတူ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် မာလာရေစင်ပက်ဖျန်းပေးကာ အတာသင်္ကြန်အားကြိုဆို၍ မြူမှောင်ဝေကင်းသီချင်းဖြင့် ယိမ်းအဖွဲ့များက စုပေါင်းသီဆိုဖျော်ဖြေခဲ့ကြသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့ (၁၄) ဖွဲ့က နေ့စဥ်ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ တေးသီချင်းများသီဆိုဖျော်ဖြေခြင်း၊ ပျော်ရွှင်စွာရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)