ပြည် ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉နာရီကစ၍ မြို့အလယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီး၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာဆင်နွှဲလျက်ရှိသည်။
ဦးစွာ နံနက် ၉ နာရီတွင် ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက နှစ်သစ်ကူးမင်္ဂလာနုတ်ခွန်းဆက်မိန့်ခွန်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး လင်းအောင်ပြည့်တို့က မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ပြိုင်ပွဲဝင် ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့်မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြပြီး ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။
ပြည်မြို့တွင် မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ် ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)