ကရသူရိ ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း လမ်းဘေးဝဲယာ နယ်နိမိတ်များတွင် ကျူးကျော်၍ နေအိမ်/တဲများ၊ အဆောက်အဦများဆောက်လုပ်ခြင်း၊ စိုက်ပျိုး လုပ်ကိုင်ခြင်းနှင့်တရားမဝင် အကွက်ရိုက်ဆောက်လုပ်မှုများ မဖြစ်ပေါ်စေရေး ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို ကရသူရိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကြီးကြပ်၍ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြင့် နေအိမ်/တဲများ၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် လမ်းဧရိယာနှင့်ကင်းလွတ်မှုရှိ/မရှိတိုင်းတာခြင်း၊ စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ကျူးကျော်မြေများမဖြစ်ပေါ် စေရန်နှင့် တရားမဝင်အကွက်ရိုက် ဆောက်လုပ်မှုများမရှိစေရေးအသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရသူရိမြို့တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စုရှိရာ လမ်းဘေးဝဲ/ယာ နယ်နိမိတ်များနှင့် ရပ်ကွက်/ကျေးရွာများအလိုက် ကျူးကျော်မှုများမဖြစ်ပွားစေရေးနှင့် တရားမဝင် အကွက်ရိုက်ဆောက်လုပ်မှု များမရှိစေရေးအတွက် မြို့ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
စိုးဝင်း(ပြန်/ဆက်)