ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်၊ ရေကစားသူများစည်ကား

ပန်းတောင်း ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း မိဘပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကြခတ်ရပ်ကွက်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမကြီးဘေး (မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့မရဲစခန်းရှေ့) တွင်ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူး အေးမင်းသိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးသူစိုး၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်နှင့် မြို့မိမြို့ဖ ဦးညီဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီးတာဝန်ရှိသူများက သင်္ကြန်ယိမ်းအဖွဲ့များအား အတာရေပက်ဖျန်းပေးခဲ့ရာ ယိမ်းအဖွဲ့ (၁၁) ဖွဲ့တို့မှ ကပြဖျော်ဖြေခဲ့ကြသည်။ ထိုသို့ ကပြဖျော်ဖြေပေးသည့် ယိမ်းအဖွဲ့(၁၁)ဖွဲ့အား ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ် ချီးမြှင့်သည်။

အဆိုပါရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားကြသူများ၊ ရေပက်ခံကားများ၊‌ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများအပြင် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများဖြင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ယိမ်းအဖွဲ့များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။ ထို့သို့ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများအေးချမ်းပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)