ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး

ဘားအံ ဧပြီ ၁၂

မြန်မာသက္ကရာဇ် ၁၈၃၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၁၂ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွဲတော်ကျင်းပရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲကျင်းပနိုင်ရေး၊ ယိမ်းအက ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းအတွင်းရှိ ဗဟိုမဏ္ဍပ်နှင့် ဘားအံမြို့ ကမ်းနား လမ်းတစ်လျှောက်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာများ၏ ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မဏ္ဍပ်များတွင် ရေလုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ အများပြည်သူအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ထင်ဟပ်ပေါ်လွှင်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကမ်းနားလမ်း( ခေမာလမ်းနှင့်အင်ကုန်းလမ်းကြား)တွင် ပေ ၁၀၀၀ ၊ ကန်သာယာအနီးရှိ ချစ်သူလမ်းကြားတွင် ပေ ၁၀၀၀၊ ခရေလမ်း(ဇွဲကပင်ပန်းခြံနှင့်ပြည်နယ်လွှတ်တော်ရုံး ရှေ့)တွင် ပေ ၉၀၀ ရှိသော လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က လမ်းလျှောက်သင်္ကြန်(၃)နေရာတွင် ရေတွန်းပန့်များ၊ ရေပိုက်များ၊ ရေပန်းများတပ်ဆင်အသုံးပြု၍ ရောင်စုံထီးအလှများ၊ ပန်းအလှများ၊ စတုဒိသာမဏ္ဍပ်များဖြင့် အများပြည်သူ ပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။         ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ လှိုင်ကမ္ဘာကျေးရွာ သဘာဝစမ်းရေတံခွန်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး တော်ပုံ-ကျောက်ကလပ်-ကော့ကျိုက်လမ်းပေါ်ရှိ အေးအေးချမ်းချမ်းဒုံရင်းပန်းရေကစားမဏ္ဍပ်တွင် သင်္ကြန်လှပျိုဖြူလေးများ၏ ယိမ်းအကဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ကရင်ပြည်နယ်၊ဘားအံမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟို မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲများ၊ ကိုယ်ပိုင်သံစဉ်နှင့် Copy သံစဉ် မဟာသင်္ကြန်ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ယိမ်းအကနှင့် မဏ္ဍပ်ဆုချီးမြှင့်ပွဲများ၊ လမ်းလျှောက်သင်္ကြန်(၃)နေရာ၊ သံလွင်မြစ်တွင်းနန်းဖော့အွာသဲသောင်ပြင်သင်္ကြန်နှင့် မဟာသင်္ကြန်အထိမ်းအမှတ် သက်ကြီး ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲတို့ကိုလည်း မြန်မာတို့၏ မိရိုးဖလာထုံးတမ်းစဉ်လာများနှင့်အညီ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)