စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်

မုံရွာ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုး မိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။   

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမတွင် ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေဝန်ပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့ စစ်မှုထမ်းဆောင်ပြီးစီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။

ဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးတို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုခြင်းခံရသည့် စစ်သည် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ထူးဆောင်တံဆိပ်၊ လက်မှတ်များ၊ စစ်ရေးချုပ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စစ်မှုထမ်းတာဝန်ကျေ ဝန်ပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအတွက် ပြည်သူ့စစ်မှုထမ်းတစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၇၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်