ရွှေသဲကုန်းဓမ္မစကူးလ်၏ အဋ္ဌမအကြိမ်မြောက် သင်တန်းဆင်း​အောင်လက်မှတ်ချီးမြှင့်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်ကျင်းပ

သဲကုန်း ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရွှေသဲကုန်းဓမ္မစကူးလ်၏ အဋ္ဌမအကြိမ်မြောက် သင်တန်းဆင်း​အောင်လက်မှတ်ချီးမြှင့်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ရပ်ကွက် (၄) ပေါက်တောရပ် တပ်မင်္ဂလာတိုက်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး၊ ဧည့်ပရိသတ်အပေါင်းနှင့် ဒါယိကာ၊ ဒါယိကာမအပေါင်းသူတော်ကောင်းတ်ို့က သဲကုန်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္ဒသြသဓထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့​ကြပြီး၊ ဆရာတော်က သရဏိရသြဝါဒကထာ မြွတ်ကြားချီးမြှင့်ခဲ့၍၊  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် သင်တန်းပြီးဆုံးအောင် တက်ရောက်ကြသည့် ဓမ္မစကူးလ်သင်တန်းသား/ သင်တန်းသူများအား  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့် တာဝန်ရှိသူများက သင်တန်းဆင်းအောင်လက်မှတ်များနှင့် အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း တာဝန်ခံဆရာတော် အရှင်က္ကန္ဒက က ဝမ်းမြောက်ကြောင်း စကားမြွတ်ကြားချီးမြှင့်ခဲ့၍၊ ရွှေသဲကုန်းဓမ္မစကူးလ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်သိန်းက ကျေးဇူးတင်စကားလျှောက်ထားပန်ကြားကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဆက်လက်၍ နိဗ္ဗာန်ဈေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ ရွှေသဲကုန်းဓမ္မစကူးလ်ဖောင်ဒေးရှင်း တာဝန်ခံဆရာတော်နှင့် တာဝန်ရှိသူများက ဖဲ​ကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ နိဗ္ဗာန်စျေးပွဲ​တော်ကို ဆိုင်ခန်းပေါင်း (၆၀) ကျော်ဖွင့်လှစ်ထားရှိပြီး သဲကုန်းမြို့နယ်အတွင်းရှိ စေတနာအလှူရှင်များ လှူဒါန်း​သော ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်များနှင့် ဖျော်ရည်များ၊ မြန်မာ့ရိုးရာမုန့်များစသည့် စားသောက်ဖွယ်ရာများကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ စည်ကားသိုက်မြိုက်စွာဖြင့် တပျော်တပါး စားသောက်၍ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)