ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပဲခူးမြို့နယ်အတွင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ၌ နွေစပါးစိုက်ပျိုးရေလုံလောက်စွာရရှိစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အိုးဘိုချောင်း အရှည်မိုင်(၁.၉၅)မိုင်အား ရေကြောင်းရှင်းလင်းခြင်းနှင့် နုန်းဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြောင်းရှင်းလင်းခြင်းနှင့် နုန်းဖော်ခြင်းလုပ်ငန်းသည် နွေစပါးစိုက်ပျိုး ရေလုံလောက်စွာရရှိနိုင်ခြင်းအပြင် မိုးရာသီ ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ချောင်းရိုးတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိအသုံးပြုရန်၊ ရာသီသီးနှံပင်များ စိုက်ပျိုးသွားရန်၊ နွေစပါးသည် ရေသွင်းရေထုတ်စနစ် မှန်ကန်စွာဆောင်ရွက်နိုင်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတို့သည် ပဲခူးမြို့နယ်၊ ပဲခူးမြစ်တာ၊ တာမိုင်(၄/၀)မှ(၅/၀)အတွင်း (အောက်စီတီး-အရှေ့ကျေးရွာ) တာပုံစံကျပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးမြစ်တာများသည် ရေကြီးရေလျှံမှုကို ကာကွယ်သည့်အပြင် ကျေးရွာချင်းဆက်လမ်းအဖြစ်လည်း အသုံးပြုနေသည့်တာများဖြစ်၍ တာများ၏ ကြံ့ခိုင်မှုကိုစဉ်ဆက်မပြတ် စစ်ဆေးရန်၊ တာဘောင်တစ်လျှောက် ကျူးကျော်လူထိုင်မှုမရှိစေရေးနှင့် သတ်မှတ်ထားသည့်လမ်းများကိုသာ တာဘောင်နှင့် ချိတ်ဆက်အသုံးပြုသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)