မြဝတီ ဧပြီ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အမှတ်(၄) ရပ်ကွက်၊ မြစန္ဒီပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက အဆိုပါ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ယိမ်းအဖွဲ့များ၊ ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်နေမှုများနှင့် ဖွင့်ပွဲအခမ်းအနား အစီအစဉ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေမှူး ဦးကျော်ကျော်သန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်ချက်များဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြဝတီမြို့ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၊ စုစုပေါင်းသင်္ကြန်ယိမ်းအဖွဲ့ ၉ ဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်များ၊ မြဝတီမြို့ရှိ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များဖြင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ရက်များအတွင်း နေ့စဉ်နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်လာရောက် ဆင်နွှဲသူများအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်များက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
ကြည်ကြည်ဖြိုးကျော်