မအူပင် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့ပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မအူပင်မြို့၌ ဗဟိုရေကစားမဏ္ဍပ်ကို ကမ်းနားလမ်း တိုးရွှေဝါခန်းမရှေ့တွင် တည်ဆောက်ထားရှိပြီး (၅) လမ်းထိပ်မှ (၇)လမ်းထိပ်ထိ လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာအလှူများ ကျွေးမွေးလှူဒါန်း သွားမည်ဖြစ်သည်။ ဗဟိုရေကစားမဏ္ဍပ်၌ နေ့စဉ် အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်ယိမ်းအဖွဲ့များ၊ အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များက မိမိတို့ရပ်ကွက်အလိုက် သတ်မှတ်နေရာအသီးသီး၌ ကြိုတင်လေ့ကျင့်လျက်ရှိသည်။ အလားတူ ဌာနဆိုင်ရာ မဏ္ဍပ်များ၊ လုပ်ငန်းရှင်များ၏မဏ္ဍပ်များနှင့် ရပ်ကွက် လူငယ်မဏ္ဍပ်များ၌လည်း ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မအူပင်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ ရိုးရာသင်္ကြန် ယိမ်းအကပြိုင်ပွဲများ၊ အနုပညာရှင်တို့၏ ဖျော်ဖြေရေးအစီအစဉ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)