ကျိုက်လတ်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကျိုက်လတ် ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကမ်းနားလမ်း ၈-ဖြတ်လမ်းထိပ်ထိ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များဖြင့် ဆင်နွှဲသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့်လည်း ဗဟိုရေကစားမဏ္ဍပ်တွင်ယိမ်းအဖွဲ့များက နေ့စဥ်ကပြဖျော်ဖြေပေးသွားမည်ဖြစ်ပြီး တေးဂီတဖျော်ဖြေမှုများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေကစားမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများကိုလည်း စတုဒီသာများနှင့် ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့မှဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်