ကော့သောင်းမြို့တွင် တောမီးလောင်မှုဖြစ်ပွား

ကော့သောင်း၊ ဇန်နဝါရီ  ၁၄

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် ၊ ရန်ကြီးအောင် ၆ လမ်း၊ အဘယရာမ ဘုန်ကြီးကျောင်း၏ အနောက်ဘက်ရှိ ၁၁၉၉ တောင်ပေါ်တွင် ယမန်နေ့ ညနေပိုင်းက တောမီးလောင်ကျွမ်း မှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တောမီးလောင်ကျွမ်းသည့်နေရာ၌ ဥယျာဉ်ခြံစိုက်ပျိုးသီးနှံအဖြစ် ရာဘာ စိုက်ခင်းများနှင့် နီးစပ်လျက်ရှိပြီး အဆိုပါ နေရာတစ်ဝိုက် ပူးပြင်းခြောက်သွေ့မှုကြောင့် ကိုင်းပင်ခြုံပင်များခြောက်သွေ့ နေရာ စည်းကမ်းမဲ့သူတစ်ချို့၏ ဆေးလိပ်မီး မဆင်မခြင်စွန့်ပစ်မှုကြောင့် ခြုံပင်များမှတဆင့် အနီးအနား ခြောက်သွေ့ နေသည့် ခြုံပုတ်များသို့ လေတိုက်မှုပင့်အားကြောင့် မီးစတင်ကူးစက် လောင်ကျွမ်းရာ မီးလောင်မှုအင်အား တဖြည်းဖြည်းကြီးမားလာသဖြင့် ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့်ဌာန ဆိုင်ရာများက လာရောက်ကြီးကြပ်လျက် ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းဦးပါ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် ရပ်ကွက်ပြည်သူများက ပူးပေါင်းကာ မီးသတ်ယာဉ် (၂)စီးဖြင့် အရေးပေါ် သွားရောက်ငြိမ်းသတ်ခဲ့ရပြီး မိနစ်သုံးဆယ်ခန့်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အနီးအနား လူနေအိမ်များသို့ကူးစက်လောင်ကျွမ်းမှု မဖြစ်ပွားခဲ့သော်လည်း   ပူးပြင်ခြောက်သွေ့သည့်နွေရာသီရောက်တိုင်း အဆိုပါ တောမီးလောင်ကျွမ်းရာနှင့် တဆက်တစပ်တည်းရှိသည့်  တောင်ကြော တစ်လျှောက် စည်းကမ်းမဲ့သူတစ်ချို့ကြောင့် တောမီးများ နှစ်စဉ် ကြီးမားစွာလောင်ကျွမ်းလေ့ရှိကာ  တောင်ကြောတစ်လျှေက်စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံစိုက်ခင်းများမီးလောင်ဆုံးရှံး မှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် မီးသတိပြုကြရေး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မီးသတ်ဦးစီးဌာနမှ မြို့နေပြည်သူများသို့ အသိပေးနိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)