သာယာဝတီမြို့နယ်၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

သာယာဝတီ ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကြီးကို အစဉ်အလာမပျက်ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ဘူတာလမ်း ဆရာစံခန်းမရှေ့လမ်းတလျှောက်၌ စတုဒိသာ အကျွေးအမွေးများ၊ ဖျော်ဖြေပွဲများဖြင့် သင်္ကြန်အကြိုနေ့မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သာယာဝတီခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်၍ မဟာသင်္ကြန် အကြို၊ အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ မုန့်လုံးရေပေါ်၊ သာကူကြို၊ မုန့်လက်ဆောင်း၊ ဖျော်ရည် အစရှိသည့် စားသောက်ဖွယ်ရာများကို စတုဒိသာကျွေးမွေးသွားကြမည်ဖြစ်ကြောင်းနှင့် ဧည့်ခံဖျော်ဖြေပွဲများအဖြစ် ခေတ်ပေါ်တီးဝိုင်းနှင့် အဆိုရှင်များ အကအလှများဖြင့် ဧည့်ခံသွားမည်ဖြစ်သည်။

ရေပက်ကစားကြမည့်သူများအတွက် စက်သုံးဆီချွေတာသုံးစွဲရေးအနေဖြင့် ဆိုလာပြားများတပ်ဆင်ကာ မီးသတ်ဦးစီးဌာန၊ ရေအရင်းအမြစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများပူးပေါင်းကာ ရေများကိုရေကန်များမှ ရေဖြင့်ရေပက်ကစားသွားမည်ဖြစ်ဖြစ်ကြောင်းနှင့် ရေပက်ခံလာရောက်ကြသူများနှင့် ရေကစားကြမည့်သူများ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဆိုပါ လမ်းတစ်လျှောက်တွင် ပိုက်အစိမ်းစများဖြင့် အမိုးပြုလုပ်ထားပေးပြီး မုဒ်ဦးမှစ၍ လမ်းအဆုံးထိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ကြစေရန် စီစဉ်ထားရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)