ကျောက်တံခါး ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းနှင့် ယိမ်းအဖွဲ့များ အကတိုက်လေ့ကျင့်ခြင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများမှ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကျောက်တံခါးမြို့နယ်တွင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ဗဟိုရေကစားမဏ္ဍပ်တွင် လမ်းလျှောက်သင်္ကြန်ဖြင့် ရေပက်ကစားနိုင်ရေးအတွက် မဏ္ဍပ်ဆောက်လုပ်ရေးကော်မတီမှ ဦးဆောင်၍ ဦးစံကျော်လမ်းနှင့် အောင်သပြေလမ်း တစ်လျှောက် အလှဆင်ခြင်း၊ ရေပန်းတပ်ဆင်ခြင်း လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ကပြဖျော်ဖြေ တင်ဆက်မည့် ဌာနဆိုင်ရာယိမ်းအဖွဲ့၊ ကျောင်းသူလေးများ ယိမ်းအဖွဲ့၊ ရပ်ကွက်ယိမ်းအဖွဲ့များမှ အကတိုက် လေ့ကျင့်ခြင်းများကို အကနည်းပြများ၏ သင်ကြားပြသမှုဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ လမ်းလျှောက်သင်္ကြန်ဖြင့် ပျော်ရွှင်စွာ ရေပက်ကစားခြင်း၊ ဝါသနာရှင်များမှ သင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)