လွိုင်ကော် ဧပြီ ၁၂
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်လွိုင်ကော်အား မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာ လှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ နမ့်ဘော်ဝမ်(က) ရပ်ကွက် ၊ ဧက (၅၀၀) နမ့်ဘော်ဝမ် လမ်းဘေးဝဲယာတွင် စိုက်ပျိုးထားရှိသည့် အရိပ်ရအပင်များအား ကြည့်ရှုူစစ်ဆေးပြီး အရိပ်ရပင်များနှင့် ပန်းအလှပင်များ ရေရှည်ရှင်သန်နိုင်ရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေး၊ သတ်မှတ်အပင် အရေအတွက် ပြည့်မီရေးအတွက် အစားထိုးစိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နမ့်ဘော်ဝမ်(ခ)ရပ်ကွက်၊ မြကန်သာလမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှု၊ မြကန်သာကန်ဘေးတွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေကန်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကန်နှင့်ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ လွိုင်ကော်-လောပိတလမ်းပိုင်း ရှုခင်းသာပန်းခြံသို့ရောက်ရှိပြီး မြေယာရှုခင်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဘီလူးချောင်း ဘေး တစ်လျှောက် သန့်ရှင်းသာယာမှုရှိစေရေး ချောင်းအတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် စိုက်ပျိုးထား သည့် ပန်းအလှပင်များ စိမ်းလန်းစိုပြည်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ မင်းကျောင်း ကန်သာ ကန်အမှတ် (၄) နှင့် (၅) သို့ရောက်ရှိကာ ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေ နိုင်ရေးအတွက် ကန်သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ အပန်းဖြေရန် ကန်ဘောင်ပတ်လည် ပန်းအလှပင်စိုက်ပျိုးထားမှုကို စစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား ကန်ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ စိမ်းလန်း စိုပြည် ရေးနှင့် အမှိုက်သရိုက်များ ကင်းရှင်းစေရေး မပြတ်ဆောင်ရွက်ရန်နှင့် မြို့အား Green City၊ Clean City၊ Smart City အဖြစ် ပုံဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လောပိတမြို့မှ လွိုင်ကော်မြို့သို့ လာရောက်သည့် (၄) မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် စနစ်တကျ ဝင်ထွက်သွားလာနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ယာဉ်အဝင်အထွက်များ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန်နှင့် လုံခြုံရေးအသိသတိအမြဲရှိရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)