ချောက် ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တစ်ခုထားပြီး လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှုများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။
အဆိုပါသင်္ကြန်ပွဲတော်ကို ချောက်ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပြီး ပွဲတော်တွင် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ် (၃) ခုတို့ဖြင့် လမ်းလျှောက်သင်္ကြန် ကျင်းပရာတွင် တော်ဝင်နန်းရုပ်ရှင်ရုံရှေ့ လမ်းမမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့အထိ ဆောင်ရွက်ထားရှိကြောင်းနှင့် နေ့စဉ်ဗဟိုမဏ္ဍပ်တွင် စတုဒိသာများကျွေးမွေးကာ သင်္ကြန်တေးသီချင်းများ သီဆိုဖျော်ဖြေ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မဟာသင်္ကြန်အကြိုနေ့တွင် ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲဖဲကြိုးဖြတ်၍ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် မြို့လုံးကျွတ်လှည့်လည်၍ ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းများအား အစဉ်အလာမပြတ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)