ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်း (၄၅၂၁၆) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

ပွင့်ဖြူ ဧပြီ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နှမ်း (၄၅၂၁၆) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်း (၃၃၇၃၇) ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် (၄၅၂၁၆) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထားစိုက်ဧကထက် ကျော်လွန် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် နွေသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှု ဖူလုံစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် နှမ်း (၃၃၇၃၇) ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ အဲဒီ နှမ်းစိုက်ပျိုးခြင်းကို ယခုနှစ် မတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ဒီနေ့မှာ (၄၅၂၁၆) ဧကထိ  စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။  နှမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ရေး၊ အရည်အသွေးပြည့်ဝတဲ့ သီးနှံများ ထွက်ရှိရေး ဒေသခံတောင်သူတွေကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်ဧကတွေ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးကြဖို့၊ GAP နည်းစနစ်များနဲ့ အညီ စိုက်ပျိုးကြဖို့၊ စိုက်ပျိုးရေး သွင်းအားစုတွေ အချိန်ကိုက် စနစ်တကျ သုံးစွဲကြဖို့၊ ပိုးမွှားမကျရောက်အောင် ကြိုတင်ကာကွယ်နှိမ်နင်းကြဖို့စတဲ့ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။  

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်းစိုက်ပျိုးဝောာင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရေးနှင့် အရည်အသွေးပြည့်ဝသော သီးနှံများ ထွက်ရှိရေးအတွက် စိုက်နည်းစနစ် မှန်ကန်အောင်၊ ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင်၊ သဘာဝမြေဩဇာနှင့် သဘာဝဆေးများ စနစ်တကျ ထုတ်လုပ်သုံးစွဲတတ်အောင် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ တောင်သူပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးကွင်းသရုပ်ပြပွဲများ ပြုလုပ်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စပ်ဆက်ဌာနများနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။  

နှမ်းကို အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )