တောင်တွင်းကြီး ဧပြီ ၁၁
သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်ပြည်သူများအား လတ်တလော စားဝတ်နေရေး သက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးရန်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လေဘေးသင့်ပြည်သူများနေအိမ်များသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးတို့မှ လေဘေးသင့်၍ပျက်စီးသွားသည့် အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ လူဦးရေ (၅၇) ဦးတို့နှင့် ဘုန်းတော်ကြီးတစ်ကျောင်းအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၉၀၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၂၀၀၀၀/-)၊ စုစုပေါင်းငွေကျပ် (၈၁၀၀၀၀/-) နှင့် ကယ်ဆယ်ရေပစ္စည်း (၁၆) မျိုးတို့ကို လေဘေးသင့်အိမ်ထောင်စုများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)