မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲတက်ရောက်

မကွေး ဧပြီ ၁၁

မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်နှင့် အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းနားကို ယမန်နေ့ ညနေက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ  အသက် (၁၈)နှစ် နှင့်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အောင်လံခရိုင်အသင်းနှင့်မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ (မင်းဘူး) ခရိုင်အသင်းမှ (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍  ဆုပေးပွဲအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်း ကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစားသမားဆု၊ အကောင်းဆုံးရှေ့တန်း ကစားသမားဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အောင်လံ ခရိုင်အသင်းနှင့် အနိုင်ရဗိုလ်စွဲခဲ့သော မင်းဘူးခရိုင်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆွဲပြားများ၊ ဆုကလပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)