သဲကုန်း ဧပြီ ၁၁
ယူနက်စကို(UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းမှစ၍ (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းနှင့် ယိမ်းအဖွဲ့များ အကတိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများမှ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနိုင်ရန် ဗဟိုရေကစားမဏ္ဍပ်တွင် လမ်းလျှောက်သင်္ကြန်ဖြင့် ရေပက်ကစားနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက လမ်းလျှောက်သင်္ကြန်ဆောင်ရွက်မည့် ရုံးလမ်းတစ်လျှောက် အလှဆင်ခြင်းနှင့် ရေပန်းတပ်ဆင်ခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်လျက်ရှိပြီး ဗဟိုရေကစားမဏ္ဍပ်ကို ရပ်ကွက်(၁)၊ ရုံးလမ်း မြို့မရဲစခန်းရှေ့တွင် ဆောက်လုပ်လျက်ရှိရာ လမ်းလျှောက်သင်္ကြန်ဆောင်ရွက်မည့် တည်နေရာနှင့် ဗဟိုရေကစားမဏ္ဍပ်အား သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကပြဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်ယိမ်းအဖွဲ့များမှ အကတိုက်လေ့ကျင့်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အကနည်းပြ၏ သင်ကြားပြသမှုများဖြင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
သဲကုန်းမြို့နယ်၌ (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ လမ်းလျှောက်သင်္ကြန်ဖြင့် ပျော်ရွှင်စွာရေပတ်ကစားခြင်း၊ မြို့နယ်အတွင်းရှိ ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)