ကော့သောင်းသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကော့သောင်း ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၌ ၁၃၈၇ ခု၊ မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ဖက်အစွန်း ကော့သောင်းမြို့သည် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်ရာ သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း  ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ဆင်နွှဲ ရေပက်ကစားလေ့ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်သည့်အညီ  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊  ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင် ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် စသည့်ရည်ရွယ်ချက်များ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး  မြန်မာတို့၏ ယဉ်ကျေးဖွယ် ရိုးရာဓလေ့များအား သိရှိလေ့လာနိုင်ရေး၊  မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးနှင့်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များနှင့် မြို့နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဆင်နွှဲနိုင်ရေး သင်္ကြန်ကာလအတွင်း နိုင်ငံတော်မှထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များအား တာဝန်ရှိအဖွဲ့အစည်းများမှ ကျယ်ကျယ်ပြန့်ပြန့်အသိပေးလှုံ့ဆော်ထားပြီး ရပ်ကွက်အလိုက် မြန်မာရိုးရာယိမ်းအက ပြိုင်ပွဲဝင်အဖွဲ့များ ကြိုတင်လေ့ကျင့်မှုများဖြင့် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

၎င်းအပြင် ဗဟိုသင်္ကြန်မဏ္ဍပ်၊ဌာနဆိုင်ရာနှင့်ရပ်ကွက်ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ပြီးစီးနေကြပြီဖြစ်ပြီး ယခုနှစ်တွင်  မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးအတွက် ကော့သောင်းမြို့၊ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)