ထားဝယ် ဧပြီ ၁၁
ခေတ်မီနည်းပညာရှင်များဖြစ်ရုံသာမကမိမိနိုင်ငံ၊ မိမိလူမျိုးကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်ကောင်းများ ကိန်းအောင်းလာစေရန် ရည်ရွယ်၍ Technoland ပုဂ္ဂလိကသင်တန်းမှ ကြီးမှူးဖွင့်လှစ်ခဲ့သော"Technoland Marching Band (ဘင်ခရာ) သင်တန်း" ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟိုတယ်ထားဝယ်၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက 'ဘင်ခရာ' ဆိုသော ပညာရပ်သည် တူရိယာ ပစ္စည်းများကို အသံထွက်အောင်တီးခတ်တတ်ရုံသက်သက်၊ ဟန်ချက်ညီညီလမ်းလျှောက်တတ်ရုံသက်သက်မဟုတ်ဘဲ ယင်းပညာရပ်၏ အနက်ရှိုင်းဆုံးသော တန်ဖိုးသည် စည်းလုံးခြင်း(Unity)နဲ့တိကျခြင်း(Precision)တို့ဖြစ်ကြောင်း၊ မောင်/မယ်များရရှိလိုက်သောဘင်ခရာပညာသည် နောင်တစ်ချိန်တွင် မည်သည့်လုပ်ငန်းခွင်၊ မည်သည့် အဖွဲ့အစည်းထဲကိုမဆိုရောက်ရှိပါက အောင်မြင်မှုအား ဖော်ဆောင်ပေးမည့် ဘဝ၏အခြေခံအုတ်မြစ်ကောင်းများ ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ဘင်ခရာအဖွဲ့များဆက်လက်ရှင်သန် အောင်မြင်ရေးအတွက် ပညာရေးဌာန အနေဖြင့်ရေရှည်အကျိုးရှိစေမည့်အစီအမံများ ရေးဆွဲပြီးကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဘင်ခရာအဖွဲ့တစ်ဖွဲ့ ရေရှည်ရပ်တည်နိုင်ရန်အဖွဲ့ဝင်သစ်များလေ့ကျင့်ပေးခြင်း၊ တူရိယာပစ္စည်းများပြုပြင်ထိန်းသိမ်းခြင်း၊ အစားထိုးဝယ်ယူခြင်းတို့အတွက် လိုအပ်သောအစီအမံကောင်းများဖြင့်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဘင်ခရာပညာရပ်များ ကိုကျွမ်းကျင်ပိုင်နိုင်စွာလေ့ကျင့်သင်ကြားပေးနိုင်မည့် နည်းပြအဖွဲ့ကိုလည်းစနစ်တကျ ဖွဲ့စည်းထားရန်လိုအပ်ကြောင်း၊ ဘင်ခရာအဖွဲ့၏စုစည်းမှုသည် နိုင်ငံတော်ကို တည်ဆောက်ရာတွင် လိုအပ်သော စုပေါင်းအင်အား၏ပြယုဂ်တစ်ခု ဖြစ်ကြောင်း၊ ယခုသင်တန်းကနေ မောင်/မယ်များ ရရှိလိုက်သော စနစ်ကျသည့်အလေ့အထများ၊ အမိန့်၊စည်းကမ်းကို တန်ဖိုးထားလိုက်နာမှုများနှင့်အခက်အခဲကြားကရအောင်ဖော်ဆောင်တတ်သည့် ဇွဲစိတ်ဓာတ်များကို လက်တွေ့ဘဝတွင် အသုံးချပြီးနိုင်ငံတော်တည်ဆောက်ရေးကဏ္ဍအသီးသီးတွင်ထက်ထက်မြက်မြက်၊ တက်တက်ကြွကြွပါဝင်ကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း၊ ယနေ့သင်တန်းကရရှိခဲ့သော စည်းလုံးခြင်းအင်အားနှင့် စနစ်ကျခြင်းစသည့်အဖိုးတန်အရည်အချင်းများကို မိမိတို့၏လက်တွေ့ဘဝထဲအထိ ယူဆောင်သွားပြီး အသုံးချသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပြီး နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ဆက်လက်၍တိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက Technoland မှ ကျောင်းသား/ကျောင်းသူများ၏ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေနေမှုအားလည်းကောင်း၊ သင်တန်းဆင်း ဘင်ခရာအဖွဲ့၏ တီးခတ်မှုစွမ်းရည်အားလည်းကောင်းကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)