ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဧပြီ ၁၁

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဧည့်သည်တော်များသည် ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြောင်းမြခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ အမျိုးသမီးအသက် (၁၈) နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးကလည်းကောင်း၊ အမျိုးသားအသက် (၁၈) နှစ် အောက် စစ်တုရင်ပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကလည်းကောင်း၊ အမျိုးသား တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆ ရရှိသူများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသမီးအကောင်းဆုံးကစားသမားဆု၊ အမျိုးသားအကောင်းဆုံး ကစားသမားဆု ရရှိသည့် အားကစားသမားများနှင့် အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသည့် အသင်းများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရှေ့တန်း၊ အလယ်တန်းနှင့် နောက်တန်းအကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုကို စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆု ရရှိသည့် ပုသိမ်ခရိုင်ဘောလုံးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသည့် အသင်းများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် စစ်တုရင်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသည့် ပုသိမ်မြို့နယ်အသင်း၊ အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်း၊ အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားများ ဆက်လက်ချီးမြှင့်ခဲ့ပြီး ဆုရရှိသည့် အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)