ပေါက်ခေါင်း ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နွေရာသီကိုယ်ကာယကြံ့ခိုင်မှုသင်တန်းပေးခြင်းကို အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ဧပြီ ၉ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ နွေရာသီကိုယ်ကာယကြံ့ခိုင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်မည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုအပိုင်းများတွင်လည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရပြီး အားကစားနည်းပြဆရာမ ဒေါ်နန်းအိခိုင်က ဦးဆောင်၍ နည်းပြဆရာမ(၁)ဦးနှင့်အတူ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများအပြင် English Grammer အခြေခံသင်တန်းများ၊ ဘောလုံးအားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ စသည့်ဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူဖြစ်စေမည့်သင်တန်းများကို ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)