မြဝတီ ဧပြီ ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ အမှတ် (၄) ရပ်ကွက်၊ မြစန္ဒီပန်းခြံ၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။
အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပေငါးရာအရှည်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်တွင်လည်း ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၊ စုစုပေါင်းယိမ်းအဖွဲ့ ၁၁ ဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်းဖြင့်လည်းကောင်း၊ မြဝတီမြို့ရှိ ခေတ်ပေါ်တေးဂီတအဖွဲ့များဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်တွင်လည်း ရေဆော့ကစားနိုင်ရေးအတွက် ဖိုက်ဘာလှေများ၊ အရိပ်ရထီးများ၊ ပန်းအလှအပများဖြင့် စီစဉ်ဆောင် ရွက်ထားခြင်းဖြင့်လည်းကောင်း၊ ဗဟိုမဏ္ဍပ်တွင်လည်း ရပ်ကွက်အလိုက် စတုဒီသာများဖြင့် ဧည့်ခံကျေးမွေးခြင်းဖြင့်လည်းကောင်း၊ ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်လည်း ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ