မူဆယ်မြို့တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ယိမ်းအဖွဲ့များ ဝတ်စုံပြည့်လေ့ကျင့်

မူဆယ် ဧပြီ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်ကမ်းဘေးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယမန်နေ့နံနက် ၉ နာရီက ဗဟိုမဏ္ဍပ်ရှေ့တွင် ယိမ်းအကအဖွဲ့များမှ ဝတ်စုံပြည့်ဖြင့် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ယင်းသို့လေ့ကျင့်ရာတွင် ဗဟိုမဏ္ဍပ်ပေါ်တွင် ယိမ်းအကအဖွဲ့ ၃ ဖွဲ့၊ မဏ္ဍပ်ရှေ့တွင် ယိမ်းအကအဖွဲ့ ၂၁ ဖွဲ့တို့က မိမိတို့ဝတ်ဆင်မည့် သင်္ကြန်ဝတ်စုံများဖြင့် ဝတ်စုံပြည့်ဝတ်ကာ ဖွင့်ပွဲတွင် ဖျော်ဖြေမည့် မန်းတောင်ရိပ်ခို၊ တစ်နှစ်နွမ်းတစ်နှစ်ဆန်းနှင့် သင်္ကြန်မိုးသီချင်းများကို ကကွက်ပုံပေါ်အောင် အကတိုက်ခဲ့ကြသည်။ အဆိုပါ အကတိုက်သည့်နေရာသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး၊ ယိမ်းအကအဖွဲ့များအား အာဟာရဖြည့် မုန့်၊ အချိုရည်နှင့် ရေသန့်များ ဝေငှခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှေက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ မြန်မာ့ရိုးရာလက်ဖက်သင်္ကြန်၊ မြန်မာ့ရိုးရာထမနဲသင်္ကြန်နှင့် မြန်မာ့ရိုးရာကော်ဖီသင်္ကြန်တို့ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ညနေ ၃ နာရီမှ ည ၇ နာရီအထိ သီဆိုကပြဖျော်ဖြေကြမည်ဖြစ်၍ မိဘပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ပါကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)