တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၄ ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၀ ရက် ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်ခရိုင်အသင်းနှင့် ကော့သောင်းခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်အသင်းက (၁) ဂိုး (၀) ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး  စောမာတင်လူသာက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်က ရှေ့တန်းအကောင်းဆုံးဆုရရှိသည့် ထားဝယ်ခရိုင်အသင်းမှ မောင်ကောင်းထက်ဇော်အား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင်က အလယ်တန်းအကောင်းဆုံးဆုရရှိသည့် ကော့သောင်းခရိုင်အသင်းမှ မောင်အောင်ပိုင်ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက နောက်တန်းအကောင်းဆုံးဆုရရှိသည့် ကော့သောင်းခရိုင်အသင်းမှ မောင်ဝေယံဦးအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ဂိုးအကောင်းဆုံးဆုရရှိသည့် ထားဝယ်ခရိုင်အသင်းမှ မောင်ဇွဲမြတ်အောင်အားလည်းကောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသည့် ထားဝယ်ခရိုင်အသင်းမှ မောင်စွမ်းဆက်စံအားလည်းကောင်း၊ တစ်ဦးချင်းဆု နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က ဒုတိဆုရရှိသည့် ကော့သောင်းခရိုင်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်ပေးက ပထမဆုရရှိသည့် ထားဝယ်ခရိုင် အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပထမဆုရရှိသည့် ထားဝယ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)