ပန်းတောင်းမြို့နယ်၌ စားသုံးဆီများအား ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဆီကုန်သည်နှင့် ဆီအရောင်းဆိုင်များ၌ စားအုန်းဆီများအား ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ဆီလက်ကျန်အခြေအနေနှင့် အရည်အသွေးပြည့်မီမှုရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများက ဆီကုန်သည်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အပတ်စဉ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချပေးရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)