ထားဝယ် ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကျင်းပရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူစဉ် ကာလအတွင်း ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများသည် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူစဉ်ကာလအတွင်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူများ၏လိုအပ်ချက်များကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးသည် သဘာဝသယံဇာတ ပေါကြွယ်ဝသောဒေသဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သတ္တုနှင့်စွမ်းအင်လုပ်ငန်းများဖြင့် အလားအလာရှိသော တိုင်းတစ်တိုင်းဖြစ်ကြောင်း၊ ပြည်သူများ၏လူနေမှုဘဝ၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲနိုင်ရေးသည် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ်မူတည်ပြီး ပြည်သူများလိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများ၏ အခက်အခဲများကို နားထောင်ပေးရန် လိုအပ်ချက်များကို ဖြေရှင်းပေးရန် ဝန်ဆောင်မှုများကို လွယ်ကူမြန်ဆန်စွာဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူကို ဗဟိုပြုသောအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပေးရမည်ဖြစ် ကြောင်း၊ အစိုးရယန္တရားသည် ပြည်သူကိုဝန်ဆောင်မှုပေးရန်ဖြစ်ပြီး နွေးထွေးစွာကြိုဆိုရန် လုပ်ငန်းကြန့်ကြာမှုမရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အဂတိကင်းရှင်းစွာလည်း ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း၊ ဒေသစီးပွားရေးမောင်းနှင်းအားကို အားပေးကူညီရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဖြစ်သည့် ကိုကိုး၊ ဆီအုန်း၊ ရာဘာ၊ ဥယျာဉ်ခြံနှင့်ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထားဝယ်ဒေသ၏စာပေ၊ သဘင်၊ ဂီတ၊ အားကစား စသည့်တိုင်းရင်းသားရိုးရာ အမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင်ရှိသော ပကတိအခြေအနေများကို ပွင့်လင်းစွာတင်ပြပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးသည် လွန်စွာအရေးကြီးပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏လုပ်ငန်းအခက်အခဲများကို ပွင့်လင်းစွာ တင်ပြပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာဝပြောပြီး လူနေမှုဘဝမြင့်မားလာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)