သဲကုန်းမြို့နယ်တွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်​လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

သဲကုန်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးပြဿနာများ မဖြစ်ပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ထားရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်၏ လမ်းညွှန်ချက်ဖြင့် သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဆေးရုံ၊ ပုတီးကုန်းမြို့တိုက်နယ်ဆေးရုံ၊ အင်းမမြို့တိုက်နယ်ဆေးရုံနှင့် ဆင်မြီးဆွဲမြို့တိုက်နယ်ဆေးရုံများတွင် အပူဒဏ်ကြောင့် ရောက်ရှိလာသော လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြသနာများအား မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ် သတိပေးလိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)