ခန္တီး ဧပြီ ၁၁
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်၍ (ဗဟို) သင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို ကမ်းနားလမ်းရှိ We Love Hkamti အနီးတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် (ဗဟို) သင်္ကြန်မဏ္ဍပ်ရှေ့၊ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်ဖြစ်ပြီး နံနက်(၉)နာရီမှ (၁၂)နာရီအထိလည်းကောင်း ညနေ(၃)နာရီမှ (၆)နာရီအထိလည်းကောင်း ဗဟိုမဏ္ဍပ်၌ အကအလှ ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
ခန္တီးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားရှိပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)