ပွင့်လင်းရာသီကာလ ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး

ပွင့်ဖြူ     ဇန်နဝါရီ       ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် သရက် အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများ အချိန်မီ ကူညီဆောင်ရွက် နိုင်ရေး၊ မီးဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းရေး၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ရာတွင် လျှပ်စစ်မီးများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ပါက ချက်ပြုတ် ပြီးသည်နှင့် မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ် ထားရှိရေး စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေး ဟောပြောပြီး တစ်အိမ်တက်ဆင်း သွားရောက်ကာ မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်း သိရသည်။


ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးလက်နေ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး အတွက်ကိုလည်း တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )