မြိတ်မြို့တွင် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

မြိတ်    ဧပြီ     ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်အတူ ဖျော်ဖြေရေးမဏ္ဍပ်(၄)ခု၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဖြင့်  ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားခြင်းဖြင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို (၂)နေရာတွင် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ အေးအေးချမ်းချမ်းပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲနိုင်ရေးနှင့် သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ဦးစီးကော်မတီနှင့် လုပ်ငန်းကော် မတီများ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ(၁၀)ရက် နံနက်(၁ဝ)နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့်  ကော်မတီတာဝန်များကို စနစ်တကျဆောင်ရွက်ကြရန်၊ လမ်းလျှောက် သင်္ကြန်ပွဲတော်ကိုလည်း ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဆင်နွှဲနိုင်ရေး  ပူးပေါင်းဆောင်ရွက်ကြရန်   အမှာစကား ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီများမှ ကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌမှ  နိဂုံးချုပ်အမှာစကားပြောကြားသည်။ ၁၃၈၇ ခုနှစ် မြိတ်မြို့၏ မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများ ဖျော်ဖြေတင်ဆက်၍ ရေကစားခြင်းဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )