လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန် ပန္နက်တင် အခမ်းအနားကျင်းပ

လှိုင်းဘွဲ    ဇန်နဝါရီ ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ဘတ်ဂျက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက် ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ဗအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ကရင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြသီတာအောင်စိုးစိုး ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးရန်နိုင်ထွဋ်နှင့် လှိုင်းဘွဲမြို့နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်ထွန်းတို့က မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ရန်အတွက် မင်္ဂလာပန္နက်တင်ခြင်း၊ အောင်သပြေဖြင့် အမွေးနံ့သာပက်ဖြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် နေရာတို့ကို လှည့်လှည် ကြည့်ရှုခဲ့သည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံကို အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ၊ အမြင့်(၃၆)ပေ၊ ပြည်ထောင်စု ရန်ပုံငွေ ငွေလုံး ငွေရင်းအသုံးစရိတ် (၂၉၇ ဒဿမ ၆ သန်း)ဖြင့် မြသီတာအောင်စိုးစိုး ကုမ္ပဏီလီမိတက်က ဇန်နဝါရီလမှ စတင်၍ (၆)လအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)