ပန်းတောင်းမြို့နယ်၌ စာရေးဆရာအသင်း၏ စတုတ္ထအကြိမ်မြောက် အလုပ်အမှုဆောင်သစ်နှင့် စာပေညီလာခံကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်

ပန်းတောင်း ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ စာရေးဆရာအသင်း၏ စတုတ္ထအကြိမ်မြောက် အလုပ်အမှုဆောင်သစ်နှင့် စာပေညီလာခံကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အလင်္ကာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သဘာပတိ မောင်တည်ခိုင်(ပန်းတောင်း)နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ခွန်နေဒူး (သနီမြေ)က နှစ်ပတ်လည်အစီရင်ခံစာကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူး(ကိုယ်စား) ကိုအောင်နွေဦး(ဆင်တဲ)က ဘဏ္ဍာရေးရှင်းတမ်းများကိုလည်းကောင်း အသီးသီးဖတ်ကြားတင်ပြကြသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ဟောင်း ဦးလှကျော်မှ နှုတ်ထွက်ကြောင်းကြေညာကာ မြို့နယ်စာရေးဆရာအသင်းနာယက ဦးတင်လှိုင်က စတုတ္ထအကြိမ်မြောက် သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီသစ်အား ရွေးချယ်တင်မြှောက်ခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဆန္ဒမဲပေးကာ ရွေးချယ်ရေးကော်မတီအဖွဲ့က စတုတ္ထအကြိမ်မြောက် အလုပ်အမှုဆောင်သစ်နှင့် စာပေညီလာခံကိုယ်စားလှယ်များကို အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)