အိမ်မဲမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ

အိမ်မဲ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တစ်ခုထားပြီး လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ဧပြီလ (၈)ရက်နေ့က စတင်ကာ ကြိုတင်ပြင်ဆင်လျက်ရှိသည်။

အဆိုပါသင်္ကြန်ပွဲတော်ကို အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပြီး ပွဲတော်တွင် ဗဟိုမဏ္ဍပ်တစ်ခုနှင့် လမ်းလျှောက် သင်္ကြန်အတွက် ကမ်းနားလမ်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့အထိ ဆောင်ရွက်ထားရှိကြောင်းနှင့် နေ့စဥ်ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များမှ စတုဒိသာများကိုကျွေးမွေးသွား မည်ဖြစ်ကြောင်းသိရသည်။

မဟာသင်္ကြန်အကြိုနေ့တွင် ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲကို ယိမ်းအဖွဲ့(၆)ဖွဲဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများမှလည်း နေ့စဥ်သင်္ကြန်သီများသီဆို၍ လည်းကောင်း၊ သနပ်ခါးလိမ်းကြံပေး၍ သနပ်ခါးသင်္ကြန်ကိုလည်းကောင်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ ၊သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို အစဥ်အလာမပြတ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)