မအူပင် ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဗူးသွပ်ဆီ၊ ဆပ်ပြာအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်းအား ဧပြီ ၉ ရက်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မအူပင်ခရိုင် စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဗူးသွပ်ဆီ၊ ဆပ်ပြာနှင့် အချိုရည်ဗူးများ၌ မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်အလက်များ (ဥပမာ - ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းနှင့် သုံးစွဲပုံညွှန်ကြားချက်) ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးဆီနှင့် အခြေခံစားသောက် ကုန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရန် ကြပ်မတ် စစ်ဆေးခြင်း၊ သက်တမ်းလွန်နေသော ကုန်စည်များ သို့မဟုတ် စားသုံးရန်မသင့်သော တားမြစ်ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိကို စားသုံးသူကာကွယ်ရေးဥပဒေအရ စစ်ဆေးအသိပညာပေးခြင်းများအား ဈေးကွက်စောင့်ကြည်စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)