ဘားအံမြို့၌ မြို့နယ်ပေါင်းစုံ တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲဆုချီးမြှင့်

ဘားအံ ဧပြီ ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံ တံခွန်စိုက်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၉ ရက်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါကြက်တောင်ပြိုင်ပွဲကို မြို့နယ်(၇)မြို့နယ်မှ ကြက်တောင်အသင်း(၇)သင်း၊ အားကစားသမားပေါင်း ၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတို့ကို ဧပြီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည်။

အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် မြဝတီ မြို့နယ်အသင်းက ဘားအံမြို့နယ်အသင်းကို ပထမပွဲငယ် ၈ မှတ် ၁၅ မှတ်၊ ဒုတိယပွဲငယ် ၂၀ မှတ် ၁၈ မှတ်၊ တတိယပွဲငယ် ၁၅ မှတ် ၁၃ မှတ်၊ နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီနာယက၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်တာဝန်ရှိသူများက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများကိုလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)