သဲကုန်း ဧပြီ ၁
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်၊ ကျန်းမာ၊ ကြံ့ခိုင်သန်စွမ်းသောလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က အခြေခံအေရိုးဗစ် (Fitness dance) သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များအနေဖြင့် ဗလငါးတန်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ကာယဗလဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချက်တက်စေရန်နှင့် ပညာရေးကဏ္ဍတွင်သာမက အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းပြ ဒေါ်နွေးနွေးခိုင်ဇင်က သင်တန်းတွင် သင်ကြားပို့ချပေးမည့်အကြောင်းအရာများနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အေရိုးဗစ်သင်တန်းအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ ဒေါ်နွေးနွေးခိုင်ဇင်က သင်တန်းသူများကို အခြေခံအေရိုးဗစ် (Fitness dance) ကကွက်များဖြင့် သင်ကြားပေးပြီး အဆိုပါသင်တန်းကို သင်တန်းသူ (၂၀)ဦးဖြင့် ဧပြီလ(၁)ရက်မှ (၇)ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)