ဒေးဒရဲ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သည့် (၂၀၂၆) ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၄) နာရီက မြို့နယ်အားကစားခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများ၊ အသင်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက သင်တန်း နည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး လက်ဝှေ့နှင့် အေရိုးဗစ် သင်တန်းသား၊ သင်တန်းသူများမှ သရုပ်ပြကစားခဲ့ကြသည်။ ထို့နောက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုရအသင်းသားများနှင့် အတိုးတက်ဆုံး သင်တန်းသားဆုများကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ အေရိုးဗစ်၊ ဘိုဗီနမ်နှင့် ပြေးခုန်ပစ်စသည့် အခြေခံအားကစားနည်းများကို (၁၂.၃.၂၀၂၆) မှ (၈.၄.၂၀၂၆) ရက်နေ့အထိ အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း