ရေဇွာမြို့နှင့် တစ်ခြားမြို့များသို့ ဆက်သွယ်ထားသောလမ်းများ ယခင်နှစ်ထက် ပိုမိုကောင်းမွန်လာ

ရေဇွာ ဇန်နဝါရီ ၁၄

ချင်းပြည်နယ် ရေဇွာမြို့နှင့် ဆက်သွယ်ထားသောလမ်းများသည် ယခင်ကမိုးတွင်း ကာလတွင် သွားလာမှုခက်ခဲသော်လည်း ၂၀၁၈-၂၀၁၉ နောက်ပိုင်းမှစတင်ပြီး ရာသီမရွေး သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရေဇွာမြို့သည် နှစ်ကာလများစွာ လမ်းပန်းဆက်သွယ်ရေး သွားလာမှုခက်ခဲပြီး ရေဇွာမြို့မှ ဂန့်ဂေါ၊ ဟားခါး၊ မတူပီ၊ လိုင်လင်းပီ မြို့များသို့ သွားလာရာတွင် တစ်ည၊ နှစ်ည၊ သုံညအိပ်ပြီးမှ လိုရာခရီးကို ရောက်ခဲ့ရသော်လည်း ယခုအခါမှာတော့ ညမအိပ် ရတော့ဘဲ လိုရာခရီးကို အဆင်ပြေ ချောမောစွာ သွားလာနိုင်ပြီဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ချင်းပြည်နယ်ရှိ မြို့နယ်အများအပြားတွင် မြေသားလမ်းမှ ကျောက်ချောလမ်း၊ ကတ္တရာလမ်း များအဖြစ်သို့ အဆင့်မြှင့်ပြုပြင် လာသောကြောင့် သွားလာရေး အဆင်ပြေချောမောလာသော်လည်း တစ်ချို့မြို့များကို ဆက်သွယ်ထားသော လမ်းများသည် မြေသားလမ်းအဆင့်သာ ရှိနေသေးသောကြောင့် မိုးတွင်း ကာလသွားလာရေး ခက်ခဲနေဆဲ ဖြစ်သည်။

"ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးဟာ ပိုမိုကောင်းမွန်လာပြီဖြစ်ပါတယ်။ အခုဆို ရင်ချင်းပြည်နယ်ရှိ မြို့နယ်ချင်းဆက် လမ်းများအားလုံး မဟုတ်သော်လည်း တော်တော်များများ တွင်ပိုမို ကောင်းမွန်လာတာတွေ့ရတယ်။ လက်ရှိရေဇွာမြို့အနေဖြင့် မိုးတွင်း ကာလမှာ လိုင်လင်းပီဘက် သွားတဲ့လမ်းကတော့ အခက်ခဲရှိနေဆဲ ဖြစ်ပါတယ်" ဟု ဒေသခံတစ်ဦး ကပြောကြားသည်။

အဆိုပါမြို့နယ်ချင်းဆက် လမ်းများ ပိုမိုကောင်းမွန်လာသောကြောင့် ဒေသခံ ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအားလုံး တဟုန်းထိုး တိုးတက်လာနေပြီဖြစ်ကြောင်း သိရသည်။

 

ဟုန်းအွမ်(ပြန်/ဆက်)