နွေရာသီကာလ ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန် စာဖတ်ဝိုင်းကျင်းပ

လိပ်သို ဧပြီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ ခင်မောင်အေး(နှလုံး) ရေးသားသော “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃(ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းအားဖြင့် တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် အသိအလိမ္မာတိုးပွားစေခြင်း၊ စိတ်ခွန်အားဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း၊ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်​လျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

 ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-12 ကျောင်းသား စောသဲလေးက “မှန်ကန်တဲ့ ရွေးချယ်မှု” ခေါင်းစဉ်အောက်မှ ယနေ့ခေတ် လူငယ်များသည် သူတို့ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ အပေါင်း အသင်းတွေရဲ့ လှုပ်ရှားမှုတွေကို အမြဲလေ့လာစောင့်ကြည့်နေတတ်ကြကြောင်း၊ အတတ်ပညာ၊ အသိပညာ၊ အသက်မွေးဝမ်းကျောင်းပညာအပြင် ယခုခေတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဘေးထွက်ပညာရပ်တွေလည်း လေ့လာထားမှ မိမိလျှောက်တဲ့လမ်းမှာ ပိုပြီးတိုးတက်ဖို့ အခွင့်အလမ်းရမှာဖြစ်တာကြောင့် မိမိသင်ယူမည့်ဘာသာရပ်နှင့် သင်တန်းများကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့လိုကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ခင်မောင်အေး(နှလုံး) ရေးသားသော “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် လူဖြစ်သည့်တစ်ခဏတွင် တန်ဖိုးရှိလှသောအချိန်တွေကို မဖြန်းတီးပဲ အကျိုးရှိသောအလုပ်များကို လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

နော်ဖလောရင်း