သရက်ချောင်း ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်နိုင်စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များအား တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနေမျိုးဆေးဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက သရက်ချောင်းမြို့၊ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ပြည်သူများအား လက်တွေ့သင်ကြားပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)