ဟားခါး ဇန်နဝါရီ ၁၄
စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း (The New Normal) လိုက်နာလျက် လယ်ယာကဏ္ဍလုပ်ငန်းများတွင် အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်နည်း၊ စပါးတိုက်ရိုက် အစေ့ချနည်း၊ စပါးဆိုင်ရာ အခက်အခဲများ ဖြေရှင်းနည်း၊ စပါးပင်၏ ရုပ်သွင်ပြင်လက္ခဏာနှင့် စပါးအထွက်တိုးခြင်း ဆိုင်ရာနည်းပညာပေး သင်တန်းကို ယနေ့တွင် Online မှ တစ်ဆင့် IT နည်းပညာအသုံးပြု၍ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က “ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီး ဌာန(ရုံးချုပ်)ကနေ စပါးနှင့်ဆိုင်တဲ့ နည်းပညာတွေကို Online ကနေတစ်ဆင့် သင်တန်းပေးပါတယ်၊ သင်တန်းကတော့ တစ်ရက်တည်းပါ၊ သင်တန်းမှာ စပါးနှင့်ဆိုင်တဲ့ သွင်ပြင်လက္ခဏာ အကုန်သင်ကြားပို့ချပေးပါတယ်၊ အဓိကတော့ တောင်သူတွေကို နည်းပညာ ထပ်ဆင့် မျှဝေပို့ချနိုင်ဖို့ဖြစ်ပါတယ်၊ သင်တန်းမှာ ခရိုင်၊ မြို့နယ်ဝန်ထမ်းတွေ (၂၀)ဦးလောက် တက်ရောက်ပါတယ်”ဟု ပြောပြခဲ့ပါတယ်။
အဆိုပါသင်တန်းသို့ ဟားခါးခရိုင်စိုက်ပျိုးရေး ဦးစီးဌာနနှင့်ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)