ကန်ကြီးထောင့်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကန်ကြီးထောင့် ဧပြီ ၉

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အနေဖြင့် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်အပြင် သနပ်ခါးမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်များအား အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း View Pointတွင် ဒါးကမြစ်အားနောက်ခံထား၍ ပြင်ဆင်ဆောက်လုပ်လျက်ရှိပြီး ဖျော်ဖြေရေးများအနေဖြင့် သင်္ကြန်ယိမ်းအဖွဲ့ (၉)ဖွဲ့အပြင် ကန်ကြီးထောင့်မြို့နယ်ရှိ သဘင်အစည်းအရုံးမှ နေ့စဉ်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အတွက် ဗဟိုမဏ္ဍပ်အပြင် အခြားသောမဏ္ဍပ်များ ကြိုတင်ပြင်ဆင်ဆောက်လုပ်နေမှုများအား မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းစိုးလွင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး