တောင်တွင်းကြီး ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်နိုင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က တောင်တွင်းကြီး- ပြည်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်ကြသည်။
နိုင်ငံအတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အား ပြည်သူများအသိရှိစေရန်နှင့် လိုက်နာစေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦး ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက မတ်လ ၇ရက်နေ့မှ ၁၃ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြား၍ မောင်းနှင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းလုပ်ငန်းများကို တောင်တွင်းကြီးမြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒုအရာခံဗိုလ် စိုးပိုင် ဦးဆောင်၍ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စည်းကမ်းချက်များနှင့်အညီ လစဉ်စုံရက်များတွင် “စုံ” နံပါတ် ပါသော ယာဉ်များ အသုံးပြုရန်၊ လစဉ် မ ရက်များတွင် “မ” နံပါတ်ပါဝင်သော ယာဉ်များအသုံးပြု၊မပြု စစ်ဆေးခြင်း ၊ သတ်မှတ်ရက်များနှင့် မကိုက်ညီပါကအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)