ဂန့်ဂေါ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ပန်းချီသင်တန်းအတွက် သက်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက လက်ခံရယူခဲ့ပြီး နွေရာသီပန်းချီသင်တန်းနှင့် စစ်တုရင်သင်တန်းတို့တွင် နည်းစနစ်များကို သင်ကြားပြသပေးခဲ့ကြသည့် သင်တန်းနည်းပြများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်၏ ဇနီးဒေါ်စုမြတ်မွန်က ဂုဏ်ပြုလက်ဆောင်များကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပန်းချီသင်တန်းနှင့် စစ်တုရင်သင်တန်းမှ ဆုရရှိများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ဇနီးဒေါ်စုမြတ်မွန်နှင့် သားမောင်ဥက္ကာပိုင် မိသားစုတို့မှ အာဟာရဒါနကျွေးမွေးလှူဒါန်းသည့် ကြာဆံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ Grammar သင်တန်း၊ စကားပြောစွမ်းရည်မြင့်မားရေးသင်တန်း၊ စစ်တုရင်သင်တန်း၊ ကဗျာလွတ်အကသင်တန်း၊ ပန်းချီသင်တန်းနှင့် စစ်တုရင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုးမင်း