စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းမဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဒေသခံပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စားသုံးဆီများ ပြည်သူ့လက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးရောင်းချနိုင်ရေးကော်မတီ အဖွဲ့ဝင်များအနေဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက ဝိုင်း‌ဝန်းဆွေးနွေး တင်ပြကြရန် ပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီများ စနစ်တကျပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသစီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)